


ကြေးစားဘဝမှာ Ilia Topuria က Body Kick နဲ့ Head Kick မကန်ဖူးပါဘူးလို့ နိုင်ငံခြားသတင်းဌာနက ရေးလာတယ်။ ကုလားဖြူစာသားသုံးပြီး ရေးထားတဲ့ မျက်နှာဖြူသတင်းဌာနဖြစ်နေလည်း ယုံရတာ မဟုတ်ဘူး။ ပြည်ပနိုင်ငံတွေမှာလည်း လူစိတ်ဝင်စားအောင် လျှောက်ရေးတဲ့ သတင်းသမားတွေ ရှိနေတာပဲလေ။ ကိုယ်တိုင်ရှာကြည့်ရမယ်။ Ilia Topuria ရဲ့ UFC Fight တွေကို ပွဲတိုင်းလိုလို ကြည့်ဖူးပါတယ်။ အခုလိုချန်ပီယံမဖြစ်ခင် ဟိုးချာတိတ်ဘဝတည်းက ကြည့်ဖူးတာပါ။ ဟိုးအရင်ကမ္ဘေကမ္ဘာက ပွဲအဟောင်းတွေကို YouTube မှာ ပြန်ရှာကြည့်တာပါ။ ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်ဆိုသလို ထူးခြားချက်လည်း တွေ့ခဲ့ရတယ်။ ပထအချက်ပြောရရင် Body Kick နဲ့ Head Kick မကန်တာ ဟုတ်တယ်။ Ilia Topuria ရဲ့ ခြေထောက်က ပြိုင်ဘက်ရဲ့ ခါးအပေါ်မရောက်တဲ့ သဘောပဲ။ ကမ္ဘာ့အဆင့်ဖိုက်တာက မကန်တတ်စရာအကြောင်းမရှိပါဘူး။ Body Kick နဲ့ Head Kick အားမသန်လို့ မကန်တာဖြစ်ပါလိမ့်မယ်။ Low Kick က တော်တော်အားပြင်းပါတယ်။ ပြိုင်ဘက်ရဲ့ Stance ပျက်အောင်ကို ကန်နိုင်ပါတယ်။ တိုက်စစ်အားထည့်လွန်းရင် Ilia Topuria က ဂတ်လွတ်သွားတာပဲ။ ဘောက်ဆင်အားပြုတာဆိုတော့ လက်တွေက မေးလောက်ပဲ ကာကွယ်ထားပြီး ရှေ့တက်ထိုးတယ်။ ဘယ်နေရာမှာ သိသာလဲဆိုရင် အရပ်မြင့်တဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရတဲ့အချိန်ပဲ။ ပြိုင်ဘက်က နားထင် ဒါမှမဟုတ် ဦးခေါင်ထိပ်ပိုင်းကို ကန်လိုက်ရင် ကွက်တိပဲ။ ပြုတ်ကျသွားတာ အကြိမ်မနည်းဘူး။ BRAVE CF 29 ပြိုင်ပွဲမှာ Ilia Topuria နဲ့ Steven Goncalves တို့ ဆုံကြတယ်။ Steven Goncalves က (၆) ပေ (၁) လက်မလောက်ရှိတယ်။ အရပ်က တော်တော်ရှည်တာပဲ။ အမြင့်ကန်လိုက်တာ Ilia Topuria ရဲ့ နားထင်ကို ထိတယ်။ တစ်ခါတည်းပြုတ်ကျသွားတာပဲ။ ဒါပေမယ့် ဆရာသမားက သတိမလွတ်ဘဲ Steven Goncalves ကို ဝင်လုံးပြီး ဖိထားလိုက်တယ်။ တစ်ခါတုန်းကလည်း ကြုံလိုက်ရတယ်။ Ilia Topuria က တိုက်စစ်လိုက်ပါပြီး ကျွံထွက်သွားတာပါ။ Jai Herbert က လောရှည်ကြီး။ အရပ်က (၆) ပေကျော်တယ်။ အမြင့်ကန်လိုက်တာ အုန်းခနဲ။ မျက်နှာတည့်တည့်ကန်မိပြီး ဖင်ထိုင်ကျတယ်။ ဒီအကြိမ်မှာလည်း Ilia Topuria က သတိမလွတ်ဘူး။ လောရှည် Jai Herbert ကို ခြေဆွဲပြီး ဖိထားလိုက်တာပဲ။ Steven Goncalves နဲ့ Jai Herbert တို့လို ပြိုင်ဘက်တွေက Ilia Topuria လောက် Grappling မကောင်းလို့ သက်သာသွားတာပါ။ အခုဆိုရင် Ilia Topuria က Islam Makhachev ကို စကားစနေတယ်။ Islam Makhachev က အမြင့်ကန်ချက်ကောင်းတယ်။ Alexander Volkanovski ကိုတောင် ကန်ပြသွားသေးတယ်။ ဒီလိုအမှားမျိုးလုပ်မိရင် Ilia Topuria တိုင်ပတ်သွားနိုင်တယ်။ အရင်လူတွေကို လုပ်သလို ဝင်လုံးဖို့ မလွယ်ဘူး။ လိုက်ဝိတ်တန်းဆိုတာ Islam Makhachev ရဲ့ ဝိတ်တန်းပဲ။ အလုံးအထည်နဲ့ ခွန်အားကွာတယ်။ အမြင့်ကန်ချက်တွေ ကာကွယ်နိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်းပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ Reference Source - UFC Photo Credit - Getty Images ကျော်စိုးအောင် (Myanmar Fight Edition) ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati






















































































