


မိုးထက်အောင်ကို ဘယ်တုန်းက စသိလဲဆိုရင် မကြာသေးဘူး။ အလွန်ဆုံး ရှိမှ (၂) နှစ်လောက်ပဲ ရှိသေးတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်မှာ ကျင်းပခဲ့တဲ့ TGL 3 ပြိုင်ပွဲမှာ စသိတာပါ။ အရင်တည်းက ကြည့်ဖူးပေမယ့် နာမည်နဲ့လူ တွဲမမှတ်မိတာပါ။ TGL 3 ပြိုင်ပွဲကို မရမ်းကုန်းမြို့နယ် ရေကူးစတူဒီယိုမှာ ရုံပိတ်ကျင်းပပြီး Canal Plus ရုပ်သံလိုင်းက တိုက်ရိုက်လွှင့်ခဲ့တာပါ။ ခေါင်ပွဲက ထွန်းထွန်းမင်းနဲ့ သွေးသစ်ဝင်းလှိုင်ဖြစ်ပြီး စောရွှေလေးနဲ့ မိုးထက်အောင်တို့က ရှေ့ထွက်တွဲဆိုင်းဖြစ်ပါတယ်။ ကျွန်တော်က စောရွှေလေးကို ဟိုးအရင်တည်းက သိနေတယ်။ ရွှေခါးပတ်ချန်ပီယံမဖြစ်ခင်တည်းက သိတာပါ။ ဒို့ရိုးရာကလပ်က။ စောရွှေလေးက အကွက်စုံပေမယ့် ပြီးခြေပြီးလက်မရှိဘူး။ မှတ်မိပါသေးတယ်။ တစ်ခါတုန်းက စောရွှေလေးနဲ့ လင်းထက်အောင်တို့ ကြိတ်ကြတယ်။ စောရွှေလေးက အသာစီးပါပဲ။ ဒါပေမယ့် တောင်ကလေးသား လင်းထက်အောင်က အမာတစ်လိုင်း။ တွဲဆိုင်းက တစ်ဖက်သတ်ဖြစ်နေပေမယ့် စောရွှေလေးက အလဲမထိုးနိုင်ဘူး။ လက်သီးချက်တွေက ဘူးသီးကို အပ်စိုက်သလိုဖြစ်နေတယ်။ ခုံဒိုင်ချုပ်က ကစားသမားတွေကို စင်ပေါ်က မောင်းချတယ်။ အမှတ်တရပါပဲ။ စောရွှေလေးရဲ့ အကွက်စုံတဲ့အကြောင်းကို ကြိုသိနေတာမို့ TGL အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း အမှတ်ပေးဆုံးဖြတ်ရင် ရှုံးစရာအကြောင်းမရှိဘူးလို့ ထင်ထားတာပါ။ ကျွန်တော်က မိုးထက်အောင်အကြောင်းကို မသိသေးလို့ လျှော့တွက်မိတာ ဖြစ်နိုင်တယ်။ အထင်နဲ့ အမြင်က တက်တက်စင်အောင် လွဲတာပဲ။ အစောပိုင်းမှာ စောရွှေလေးက ကောင်းကောင်းကစားနိုင်ပေမယ့် ကြိုးဝိုင်းဘေးမှာ ဒူးတိုက်ချက်မိပြီး တစ်ခါတည်းမှောက်သွားပါလေရော။ မိုးထက်အောင်က ပထမအချီမှာတင် အလဲထိုးနိုင်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က မိုးထက်အောင်ကို သတိထားမိတာပါ။ အိမ်ပြန်ရောက်တော့ ပွဲဟောင်းတွေကို ပြန်ရှာကြည့်ရတယ်။ တကယ်ဆိုရင် မိုးထက်အောင်က ပြည်နယ်ပွဲတွေ လိုက်ထိုးတာ အံတိုနေပါပြီ။ ကျွန်တော်မသိတာ ကျွန်တော့်အားနည်းချက်ပဲ။ ကျွန်တော်မသိလည်း မိုးထက်အောင်ရဲ့ အနေအထားက ဘာမှဖြစ်သွားမှာ မဟုတ်ပါဘူး။ ဟိုးအရင်တည်းက အောင်ရဲလင်း၊ ရွှေဖားစည်၊ လင်းထက်အောင်၊ ဂျစ်တူး၊ စောဘဟိန်းနဲ့ အဲမွီတို့ကို ကစားဖူးတယ်။ မိုးထက်အောင်က ဗျဂ္ဃကိုလည်း စတုတ္ထအချီမှာ အလဲထိုးဖူးတယ်။ မိုးထက်အောင်က ဝမ်ချိုင်းရဲ့ တပည့်ရင်းပါ။ ကစားဟန်ကလည်း ဝမ်ချိုင်းပေါက်စလေး။ ပြိုင်ဘက်ကို အသက်ရှူခွင့်မပေးဘဲ ပွဲလိုက်ဖြတ်ပြီး လက်သီးတွေ ပေါက်ပေါက်ထိုးတာပါ။ ခြေကန်ချက်၊ ဒူးတံတောင်စုံပါတယ်။ ဘယ်ဒူးတိုက်ချက်က တော်တော်ကောင်းတယ်။ အားနည်းချက်က အရပ်ပုတာပါ။ အရပ်ပုသလို လက်တံလည်း တိုတယ်။ အနားကပ်ထိုးမှပဲ အဆင်ပြေတယ်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိလို့သာ အရပ်သာ (၄) လက်မလောက် ပိုရှည်ခဲ့ရင် မြန်မာပြည်မှာ ဗိုလ်လုပ်လို့ရပါပြီ။ အခုလည်း သူ့ဝိတ်တန်းမှာ ဆရာကြီးပါပဲ။ မိုးထက်အောင်က ရှုံးဖူးလားတော့ မပြောတတ်ဘူး။ ကျွန်တော်ကြည့်ဖူးသလောက်တော့ မရှုံးဖူးဘူး။ သေချာအောင်လို့ Tale of the Tape တွေ ပြန်ရှာကြည့်တော့လည်း မရှုံးဘူး။ ပြိုင်ဘက်တွေကို အနိုင်နဲ့ သရေပဲ ရထားတာပါ။ ဟိုးအရင်တည်းက ရိုးရာလက်ဝှေ့ပရိသတ်တွေဟာ မိုးထက်အောင်ကို သိနေကြပါပြီ။ ဒါပေမယ့် မိုးထက်အောင်က ONE Friday Fights ပြိုင်ပွဲမှာ ကစားပြီးမှပဲ မသိသူမရှိလောက်အောင် နိုင်ငံကျော်လာတာပါ။။ ဂျပန်ဖိုက်တာတွေကို ထပ်ဆင့်အနိုင်ယူပြီး ဘောနပ်သိမ်းပိုက်တယ်။ အခုလည်း ONE Friday Fights 95 ပြိုင်ပွဲမှာ မိုးထက်အောင်က ထိုင်းနိုင်ငံသား Samingdam ကို ကစားရပါမယ်။ မိုးထက်အောင်က အောက်သက်ကျေပြီးသားပါ။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ အသည်းဇွဲကို အရင်းတည်လို့ ကစားမယ်လို့လည်း ယုံကြည်မိပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။ +-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷ Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ Application ထဲမှာ ဂိုးရလဒ်ခန့်မှန်းချက်တွေအပြင် တခြားဉာဏ်စမ်းမေးခွန်းလေးတွေ ပါပါသေးတယ်။ ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။ ------------------------------------------------ Pieces Sport ရဲ့ တရားဝင်မိတ်ဖက်ပါတနာဖြစ်သော Myanmar Fight Edition မှ သတင်းများအား ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
© COPYRIGHTS 2024 by illuminati






















































































